မဟာအောင်မြေ ဇွန် ၂၀
မန္တလေမးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းခွဲ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာကြီး ဦးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန အားကစားမှူး ဦးရှီးမွန်က လူငယ်နှင့်အားကစားအကြောင်း သိကောင်းစရာများကို ဟောပြောသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သိန်းစိုး က ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြောကြားရာတွင် မူးယစ် ဆေးဝါးသည်လူသားတွေကို ကောင်းကျိုးမပေးဘဲ လူဦးနှောက်တွေကို မူးယစ်ထုံမှိုင်းစေသော ကြောင့် စမ်းသပ်မသုံးစွဲသင့်ကြောင်း၊ ကျောင်းနေအရွယ်မှာ ပညာကိုသာ ဦးစားပေးသင်ယူ လေ့လာသင့်ကြောင်း ဟောပြောခဲ့သည်။
ထို့နောက် စာရေးဆရာမကြီး ဒေါ်နုနုကြည် (အမေ့အိမ်)က လူငယ်နှင့် စာပေခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ အားလပ်သည့် အချိန်မှာ စာပေတွေကို လေ့လာစေလိုကြောင်း၊ စာကိုကြိုးစားသင်ယူသင့်ကြောင်း၊ ပညာတတ် မြောက်မှသာ အမှားအမှန်ဝေဖန်နိုင်မည်ဖြစ်ကြောင်း စသည့်စာပေနှင့် ပတ်သက်သည့် အကျိုး ကျေးဇူးများကို ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်အားကစားမှူး ဦးရှီးမွန်က အားကစားပစ္စည်းများကိုလည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက ကျောင်းစာကြည့် တိုက်အတွက် ဂျာနယ်စာစောင်များကိုလည်းကောင်း လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးမှ လက်ခံ ရယူခဲ့သည်။
ယင်းနောက် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းနှင့်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း