မိုင်းတုံ ဇွန် ၂၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ယနေ့ နံနက် ၉ နာရီအချိန်က နောင်ပါရင်ဘုန်းကြီး ကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ၊ လမ်းတံတားနှင့် ပတ်သက်ပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တင်ပြချက်၊ လိုအပ်ချက်များကိုလည်းကောင်း၊ သစ်တောမှ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည်များကိုလည်းကောင်း၊ မြေစာရင်းမှ မြေရာအိမ်ခြံကိစ္စနှင့် ပတ်သက်၍လည်းကောင်း၊ စိုက်ပျိုးရေးမှ မျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ရပ်ရွာလုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်း ပူးပေါင်းဆောင်ရွက်ပေးရန်၊ နယ်မြေလုံခြုံရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် မသင်္ကာဖွယ်သိရှိပါက သက်ဆိုင်ရာသို့ အချိန် မီသတင်းပေးပို့ရန် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ဆွေးနွေးပြောကြားခဲ့ကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဒေသအတွင်း လုံခြုံရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို လစဉ်ပြုလုပ်ရန် ကျန်ရှိသောကျေးရွာ အုပ်စုများသို့ အပတ်စဉ် စဉ်ဆက်မပြတ် ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)