နမ့်စန်မြို့ အ.မ.က(၂ရပ်ကွက်)တွင် School Milk Programme အစီအစဉ်ဖြင့် ကျောင်းသားကျောင်းသူများကို အဟာရပြည့် နွားနို့နှင့်ကြက်ဥတိုက်ကျွေး

နမ့်စန်(တ) ဇွန် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူလူငယ်လူရွယ်များအား ကျန်းမာသန်စွမ်းပြီးဗလငါးတန်နှင့်ပြည့်စုံ၍ ပညာရေးတွင်ထူးချွန်သည့် လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ Sunjin Myanmar Companyနှင့် မိုးရိပ်ရှမ်းတောင်ပရဟိတအသင်းတို့ပူးပေါင်းပြုလုပ်သော School Milk Programme အစီအစဉ်ဖြင့် အာဟာရတိုက်ကျွေးခြင်းအား ယနေ့နံနက်၉နာရီက အမှတ်(၂)ရပ်ကွက်အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီးလင်းကို၊ အမှတ်(၇၃)သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ သံချပ်ကာစစ်ဆင်ရေး ကွပ်ကဲရေးမှူး၊ ဗိုလ်မှူးချုပ်ညီညီဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်မိုး၊  ခရိုင်ပညာရေးမှူး ဒေါ်နန်းခမ်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာအမ်ဇော်မိုင်နှင့် Sunjin Myanmar Company  မှ တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများကို အာဟာရပြည့် နွားနို့နှင့်ကြက်ဥများ အသီးသီးပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ဗိုလ်ချုပ်စိုးအောင်နှင့်တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများကို အာဟာရပြည့်နွားနို့နှင့်  ကြက်ဥများအား ပေးဝေတိုက်ကျွေးခဲ့ကြပြီး စာသင်ဆောင်များအတွင်း လိုက်လံကြည့်ရှုခဲ့ကြောင်းနှင့် အဆိုပါ School Milk Program တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၈)ဦးအား အာဟာရပြည့်နွားနို့(၂၀)ပိဿာနှင့် ကြက်ဥ(၁၆၀)လုံးတို့ကိုကျွေးမွေးနိုင်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)