ဟင်္သာတတက္ကသိုလ်တွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လူငယ်စကားဝိုင်း ကျင်းပ

ဟင်္သာတ ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ် စာကြည့်တိုက်ခန်းမတွင် ၂၀၂၃_၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တို့အတွက် စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ သိင်္ဂီရွှေကအဖွင့်အမှာစကားပြောကြားရာတွင် ယနေ့လူငယ်များ စကားပြောစွမ်းရည်၊ ပူးပေါင်းဆွေးနွေးတတ်သည့် စွမ်းရည်၊ တွေးခေါ်နိုင်မှုစွမ်းရည်တို့ တိုးတက်လာစေရန်နှင့် စာကြည့်တိုက်များကို စနစ်တကျသုံးစွဲတတ်လာစေရန်၊ စာဖတ်ရှိန်မြင့်မားတိုးတက်လာစေရန် စ​သည့်ရည်ရွယ်ချက်များဖြင့် ယနေ့အခမ်းအနားကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီးနောက် ဟင်္သာတတက္ကသိုလ် မြန်မာစာဌာနမှ ကထိက ဦးလှိုင်မင်းဦးဆောင်၍ မြန်မာစာကျောင်းသား/သူများက "စာဖတ်နာသည့်နိုင်ငံသားများကြောင့် အမြင့်သို့တက်နေသည့် နိုင်ငံတော်ဘဝ" ခေါင်းစဥ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာသူများက သိလိုသည့်များကို ဦးဆောင်ဆွေးနွေးသူများက အပြန်အလှန်ပြန်လည်ဆွေးနွေးခဲ့ကြသည်။

 အဆိုပါလူငယ်စကားဝိုင်းသို့ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသိင်္ဂီရွှေ၊ ဒုတိယပါမောက္ခချုပ်များဖြစ်သော ဒေါက်တာ အေးလွင်၊ ဒေါက်တာ ရီရီသန်း၊ ဌာနအသီးသီးမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်းတွင် ဟင်္သာတတက္ကသိုလ်ရှိဌာန (၁၄) ခုမှ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်ရာ ခေါင်းစဥ်များအလိုက် အလှည့်ကျ စကားဝိုင်းဆွေးနွေးပွဲများကို စဥ်ဆက်မပြတ် ပြုလုပ်ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)