ဇလွန်မြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား စာရေးကိရိယာများ လှူဒါန်းပွဲအခမ်းအနား ပြုလုပ်

ဇလွန်   ဇွန်   ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့၏ ဘဏ္ဍာရှာဖွေရေးကော်မတီနှင့်အလှူရှင်များမှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား စာရေးကိရိယာများလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ တွင် လမိုင်းပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေး(မူလွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှသြဝါဒကထာ မိန့်ကြားခဲ့သည်။ ယင်းနောက် မြို့နယ်ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့မှ ပညာရေးနှင့်စာရေးကိရိယာ လှူဒါန်းခြင်းကိစ္စရပ်များ တင်ပြလျှောက်ထားခဲ့သည်။ ယင်းနောက် မြို့နယ်ဘဏ္ဍာရှာဖွေရေးကော်မတီနှင့် အလှူရှင်များမှလှူဒါန်းသော စာရေးကိရိယာများအား ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအား အသီးသီးပေးအပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချအမျှပေးဝေ၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတုရွတ်ဆို၍ အခမ်းအနားကိုအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)