ဗန်းမောက် ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စု နားမော်ကျေးရွာတွင် စတုတ္ထအကြိမ်မြောက် ဘောလုံးအလွတ်တန်းပြိုင်ပွဲနှင့် ဆုပေးပွဲကို မြို့နယ်အား/ကာ ဦးစီးဌာနကကြီးမှူး၍ ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးရွာအလိုက် ဘောလုံးအလွတ်တန်းပြိုင်ပွဲတွင် အသင်း ၁၄ သင်းတို့က ဖေဖော်ဝါရီ ၈ ရက်က စတင်ယှဉ်ပြိုင်ကြရာ အေးငြိမ်းဓန ဘောလုံးအသင်းနှင့် ဆည်ဦးအသင်းတို့က ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကြပြီး ဆက်လက်ယှဉ်ပြိုင်ကြရာ အဆိုပါအသင်းနှစ်သင်းမှာ တစ်ဘက်သုံးဂိုးစီ သရေကျသောကြောင့် ပင်နယ်တီအဆုံးအဖြတ်နှင့် ယှဉ်ပြိုင်ကြရာ အေးငြိမ်းဓန ဘောလုံးအသင်းက ဆည်ဦးဘောလုံးအား လေးဂိုး-နှစ်ဂိုးဖြင့်အနိုင်ရရှိကာ ပထမဆုကို ရရှိခဲ့သည်။
ဆက်လက်၍ ၂၀၂၀ ခုနှစ်၊ စတုတ္ထအကြိမ်မြောက် မံကပ်ဒေသစိတ် ကျေးရွာအလိုက် အလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် နေရာအလိုက် ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုး အားကစားသမား အကောင်းဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အားကစားသမား အကောင်းဆုံး များကို မြို့နယ်စီမံခန်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအေးမင်း၊ ဗန်းမောက်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များရုံးမှ ဒုတိယဥက္ကဋ္ဌ ဦးသန်းအောင်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)