ကျိုက်လတ် ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျောင်းဖွင့်အမီ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းများ၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ကျိုက်လတ်မြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက်နှင့် အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ မိုးကြိုကာလ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်များအလွယ်တကူပေါက်ဖွားနိုင်သည့် ရေတွင်း၊ ရေကန်များ၊ ဘုရားပန်းအိုးများ၊ ရေစည်၊ ရေပုံးများ၊ ရေလောင်းအိမ်သာများတွင် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းနှင့် ပညာပေးလုပ်ငန်းများ၊ တာယာခွံများ၊ ရေဘူးများတွင် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ ကျောင်းများကို ဇွန်(၁)ရက်တွင် ပြန်လည်ဖွင့်လှစ်ရန်ရှိသဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးစောင့်ရှောက်မှုကို အလေးထားဆောင်ရွက်သည့်အနေဖြင့် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ခြင်းဆေးဖျန်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်