ဇီးကုန်း မေ ၂၇
၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ဇီးကုန်း) ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(ဇီးကုန်း)မှ ကျောင်းသား/ကျောင်းသူများက "မြန်မာ့ကျောင်း"သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီက ဆရာ/ဆရာမများအနေဖြင့် ဦးဆောင်နိုင်မှု၊ စီမံခန့်ခွဲမှု၊ သင်ကြား/သင်ယူမှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ ပင်ကိုယ်အရည်အသွေးများ ပြည့်စုံရန်လိုအပ်ကြောင်းနှင့် ကျောင်းအပ်နှံမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် နိုင်ငံတော်မှအခြေခံကျောင်းများသို့ အခမဲ့ပေးအပ်သော ဗလာစာအုပ်၊ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများကပေးအပ်ရာ သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများကလက်ခံရယူခဲ့ကြသည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူများက "ဇာတိမာန်" သီချင်းဖြင့်သီဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ပြီး ဇီးကုန်းမြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၁၀၄)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၄)ကျောင်း၌ ယနေ့အထိကျောင်းသား/ကျောင်းသူ (၁၀၀၀၄)ဦး အပ်နှံနိုင်ခဲ့ပြီး ဇွန်လ ၂ ရက်နေ့ထိ ကျောင်းအပ်နှံရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)