သဲကုန်းမြို့၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်ကျင်းပ

သဲကုန်း မေ ၂၃

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်ကို ရိုးရာအစဉ်အလာမပျက်ကျင်းပရာ ယမန်နေ့ နံနက် (၈) နာရီက ပေါက်တောရပ်ကွက်၊ သီတဂူတပ်အလယ်ကျောင်းတိုက် ပရဝုဒ်အတွင်းရှိ ဗုဒ္ဓဂါယာမှ ပင့်ဆောင်ခဲ့သည့် မဟာဗောဓိရွှေ​ညောင်ပင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊​ မြို့ပေါ်ရပ်ကွက်များမှ ဗုဒ္ဓဘာသာဝင် ပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်အား ကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက သီတဂူတပ်အလယ်ကျောင်းတိုက် ပရဝုဒ်အတွင်း စိုက်ပျိုးထားသည့် မဟာဗောဓိရွှေ​ညောင်ပင်အား သွန်းလောင်းပူဇော်မည့် ညောင်ရေအိုးများဖြင့် လက်ယာရစ်သုံးပတ်လှည့်လည်ပူဇော်ကြကာ မဟာဗောဓိရွှေညောင်ပင်အား ပရိဘောဂစေတီအဖြစ် သတ်မှတ်ပြီး၊ ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရည်စူး၍ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ အမွှေးနံ့သာရည်တို့ဖြင့် ကဆုန်ညောင်ရေများ သွန်းလောင်းပူဇော်ကာ ကုသိုလ်ယူခဲ့ကြကြောင်း သိရှိရသည်။

ကိုကျော် (ပြန်/ဆက်)