ရပ်ကွက်/ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ပြင်ဦးလွင် မေ ၁၈

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူငယ်များနှင့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်သည်နှင့်အညီ ရပ်ကွက်/ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်၊ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများ စုံလင်စွာတက်ရောက်သည်။

အဆိုပါ ရပ်ကွက်/ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် နိုင်ငံတော်အစိုးရက စာကြည့်တိုက်များ ပြန်လည်ထူထောင်ပြီး ဆက်လက်ရပ်တည်နိုင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပံ့ပိုးကူညီပေးနေမှုအခြေအနေများ၊ လမ်းညွှန်မှာကြားချက်များနှင့် မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်ရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းဆွေးနွေးပြီး ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ၏ စာငှား၊ စာဖတ် အခြေအနေများနှင့် ပတ်သက်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးပြီး ကွင်းဆင်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်က ကျေးရွာစာကြည့်တိုက်များ ရေရှည်ခိုင်မာစွာ ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူများက အနီးကပ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသင့်ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးအနေဖြင့်လည်း ကျေးရွာစာကြည့်တိုက်တာဝန်ခံများအား စာကြည့်တိုက်ဆိုင်ရာ စီမံခန့်ခွဲနည်းသင်တန်းများ ဖွင့်လှစ်ပေးစေလိုကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ကာ ဆွေးနွေးပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဖြူလူသစ် (ပြန်/ဆက်)