မိုးကောင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေး

မိုးကောင်း      နိုဝင်ဘာ        ၈

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ (၈) ရက်တွင်ကျင်းပခဲ့ရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်လည်း နံနက်(၆)နာရီမှ စတင်၍မဲရုံ(၇၀)ရှိ သက်ဆိုင်ရာနေရာများတွင် ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

မိုးကောင်းမြို့နယ်တွင် ဆန္ဒမဲပေးနိုင်သူအရေအတွက် (၁၀၄၅၃၅)ဦးရှိကြောင်း၊ ယခင် ၂၀၁၅ ခုနှစ်တွင် မဲပေးနိုင်သူဦးရေ(၈၀,၀၀၀)ကျော်သာရှိခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

“မဲပေးနိုင်သူထဲမှာ မသန်စွမ်းဦးရေစာရင်းပြုစုထားခြင်းမရှိပေမယ့် ကျေးရွာအလိုက်ဆန္ဒမဲ အဆင်ပြေပေးနိုင်ရေး စီစဉ်ဆောင်ရွက် ထားပါတယ်။ မဲဆန္ဒရှင်တွေမဲပေးနိုင်ဖို့အတွက် မိုးကောင်း မြို့နယ်အနေနဲ့ဆိုရင်တော့ မဲရုံ(၇၀)ရှိပါတယ်။ မဲရုံဝန်ထမ်း(၁၄၁၈)ဦးရှိပါတယ်။ မဲရုံအရေအတွက် ဟာ ၂၀၁၅ ကထက်အရေအတွက်(၃)ခုတိုးလာပါတယ်” ဟုမြို့နယ်ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါ်ခင်ခင်ဌေးက ပြောကြားသည်။

မိုးကောင်းမြို့နယ်အနေနဲ့ နိုဝင်ဘာ(၇)ရက်ထိကြိုတင်မဲ(၇၂၄)မဲရှိ၍ ဝင်ပြိုင်သည့်ပါတီ(၈) ပါတီရှိပြီးကိုယ်စားလှယ် အရေအတွက်ကတော့ (၄၈)ဦးဝင်ပြိုင်ထားကြောင်း ဥက္ကဌကဆက်လက် ပြောကြားသည်။ မဲရုံများတွင်ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်အတိုင်း ပြင်ဆင်ထားကြောင်းသိရသည်။

“မဲရုံထဲမှာတော့ မဲပေးရတာအဆင်ပြေပါတယ်။ ဆရာမတွေလဲ မဲရုံဝင်တာနဲ့ အပူချိန်တိုင်း၊ လက်ဆေးGel ဖြန်းပေး၊ မဲရုံအတွင်းဝင်ဖို့ စနစ်တကျဆောင်ရွက်ပေးကြပါတယ်” ဟု မဲလာပေးသူ တစ်ဦးကပြောကြားသည်။

သန်းလွင်ဦး(ပြန်/ဆက်)