ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးမှုများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄)သို့ တက်ရောက်

ဟားခါး မေ ၁၇

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထုတ်ချေးမှုများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄) ကို မေလ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲက  ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ပြုလုပ်သည့် အစည်းအဝေးသည် ယခင်အစည်းအဝေးဆုံးဖြတ်ချက်အပေါ် သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြနိုင်ရေးအတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေသည် ချင်းပြည်နယ်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစေရန် ထုတ်ချေးပေးခြင်းဖြစ်သော်လည်း တရားဥပဒေစိုးမိုးမှုအခြေအနေအရ ပြည်သူလူထုထံသို့ ထုတ်ချေးပေးနိုင်မှု အားနည်းနေသေးကြောင်း၊ ချေးငွေထုတ်ချေးပေးမှုနှင့် ပတ်သက်၍ လျင်မြန်မှုထက် လုံခြုံစိတ်ချရမှုကို ဦးစားပေးမှသာ စီမံကိန်းရည်ရှည်တည်တံ့နိုင်မည်ဖြစ်သကဲ့သို့ မလိုအပ်ဘဲ ကြန့်ကြာမှုများမဖြစ်အောင်လည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အစည်းအဝေး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အပြုသဘောဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးပေးမှုနှင့် ပတ်သက်၍ မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီ အရေးကြီးဆုံးဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ချေးပေးနိုင်မှုအခြေအနေ၊ တွေ့ကြုံနေရသည့် အခက်အခဲနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦး၊ ပြည်နယ်စီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်၊ ဟားခါးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချို၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း အပါအဝင် အစည်းအဝေးတက် ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်မှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)