တောင်ငူ ဧပြီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီဘိုးဘွားရိပ်သာ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ၁၃၈၆ ခုနှစ်၊ တန်ခူးလ နှစ်ဆန်းတစ်ရက်နေ့၊ အဘိုးအဘွားများ ပူဇော်ကန်တော့ပွဲကို ကေတုမတီဘိုးဘွားရိပ်သာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားအား နမောတဿ (၃)ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ပြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးက ဦးဆောင်၍ သြကာသကန်တော့ချိုးဖြင့် ရှိခိုးပူဇော်ကန်တော့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အဘိုး (၈)ဦး၊ အဘွား (၃၄)ဦး၊ စုစုပေါင်းအဘိုးအဘွား (၄၂) ဦးအား လှူဖွယ်ပစ္စည်းများ လှူဒါန်းကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးက လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်နှင့် မုဒိတာစကားပြောကြားပြီး အဘိုးတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အဘိုးအဘွားများမှ မေတ္တာပို့ဆုတောင်းအမျှဝေသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များက ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)