ကျိုက်ထို ဧပြီ ၁၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ယနေ့တွင် မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်သည် တန်ခိုးကြီးဘုရား ပေါများသည့် မြို့နယ်ဖြစ်၍ ရပ်ဝေး၊ ရပ်နီးမှ အလည်အပတ်လာသူများမှာ အထင်ကရဘုရားများဖြစ်သည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၊ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရား၊ ထိုင်တော်မူဂေါတမမြတ်စွာဘုရား၊ မဟာမုနိသွန်းဘုရားတို့၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
အဆိုပါ ဘုရားများသို့ဘုရားဖူးများလာရောက်ဖူးမြော်ကြည်ညိုကြခြင်း၊ ဘုရားကျောင်းကန်များသို့ သွားရောက်၍ ဥပုသ်သီလစောင့်တည်ကြခြင်းများအပြင် ရေပက်ခံထွက်သူများ၊ ရေကစားသူများ စတုဒီသာများလှူဒါန်း ကျွေးမွေးသူများဖြင့် ပြည်သူများပျော်ရွှင်စွာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲကို ဆင်နွဲလျက်ရှိကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)