ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ လွိုင်ကော်မြို့ရှိ ရေကစားမဏ္ဍပ်များသို့ တက်ရောက်အားပေး

လွိုင်ကော် ဧပြီ ၁၆

ယမန်နေ့(သင်္ကြန်အကြတ်နေ့) နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်များ၌ ယိမ်းအကများဖြင့် ကပြဖျော်ဖြေတင်ဆက်မှုများ၊ ရေကစားခြင်း၊ စတုဒီသာကျွေးမွေးခြင်းများဖြင့် စည်ကားစွာ ကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရေကစားမဏ္ဍပ်များသို့ တက်ရောက်အားပေးခဲ့ကြသည်။

ရှေးဦးစွာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)မိသားစု ရေကစားမဏ္ဍပ်သို့ သွားရောက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်္ကြန်ယိမ်းအဖွဲ့များ၏ စုပေါင်းကပြ‌ဖျော်ဖြေမှုကို ကြည့်ရှုအားပေး၍ အတာရေပက်ဖျန်းခဲ့ကြသည်။ ဆက်လက်၍ ရေကစားမဏ္ဍပ်များသို့ သွားရောက်၍ ယိမ်းအဖွဲ့များနှင့် သင်္ကြန်ပွဲတော်ယိမ်းအဖွဲ့များ ကပြဖျော်ဖြေမှုနှင့် တေးသံရှင်များ၏ သင်္ကြန်တေးသီချင်းများ၊ မြန်မာ့ဂီတနှင့် ခေတ်ပေါ်တေးဂီတများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်မှုများ၊ စတုဒီသာကျွေးမွေးရန် ပြင်ဆင်နေမှုများနှင့် တည်ခင်းဧည့်ခံကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

လွိုင်ကော်မြို့၌ သင်္ကြန်ကာလအတွင်း ယိမ်းအဖွဲ့များ၏ဖျော်ဖြေတင်ဆက်မှုများ၊ စတုဒိသာကျွေးမွေးခြင်းများ၊ ရေကစားခြင်းများကို နေ့စဉ်စည်ကားစွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း  သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)