စစ်ကိုင်း ဖေဖော်ဝါရီ ၂၄
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစု စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့)သင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲ (၁)နာရီက စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံး ခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲကို စစ်ကိုင်းခရိုင်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က အဖွင့် အမှာစကား ပြောကြားရာ သင်တန်းသား/ သင်တန်းသူများ အနေဖြင့် သင်တန်းကပို့ချပေးမည့် ပညာရပ်များကို စိတ်ဝင်စားစွာ သင်ယူသွားကြစေလိုကြောင်း၊ ရရှိသွားတဲ့ပညာရပ်တွေကိုလည်း မိမိတို့ ဒေသအတွင်း ပြန်လည်မျှဝေပေးသွားကြဖို့နှင့် မိမိတို့ကိုယ်တိုင် ယုံကြည်စိတ်ချမှုရှိပြီး လုပ်ချင်ကိုင်ချင်စိတ်ရှိမှသာ သင်တန်းတက်ရောက်ရသည့် အကျိုးကျေးဇူး ခံစားရမှာ ဖြစ်ကြောင်း၊ သင်တန်းကိုလည်း ပြီးဆုံးအောင်တက်ရောက် သင်ကြားသွားကြစေလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးခန့်ဝေဖြိုးက မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဖွဲ့စည်းထားရှိမှု အခြေအနေနှင့် ကော်မတီ၏ ရှေ့ဆက်လက် လုပ်ကိုင်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား(၃၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ (၁)လကြာ သင်ကြားပို့ချ သွားမှာဖြစ်ကာ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၃)နာရီခွဲအချိန်ထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်