ရပ်စောက် နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်မင်းလတ်က ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဌာနဆိုင်ရာများ အနေဖြင့် ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မဲရုံများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေနေများ၊ ကြိုတင်ဆန္ဒမဲကောက်ယူခြင်းနှင့် စပ်လျဉ်းသည့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အိခိုင်သဇင်ထွန်းက ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်းချက်များနှင့်အညီဆောင်ရွက်နိုင်ရေး၊ Facility Quarantine ထားရှိသူများအား ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ရမည့်ကဏ္ဍများအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းမြတ်ကျော်စိုး (ပြန်/ဆက်)