မုဒုံ မတ် ၂၄
မွန်ပြည်နယ် မုဒုံမြို့ ကျက်သရေဆောင် ကန်ကြီးဆံတော်ရှင် စေတီတော်မြတ်ကြီး၏ နောင်တော်ကြီးစေတီတော်မြတ် စိန်ဖူးတော်အသစ်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် ရွှေသင်္ကန်း ဆက်ကပ်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီ က စေတီတော်မြတ်ကြီးရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော် အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်သည်။
ရှေးဦးစွာ ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယ ကဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကိတ္တိဝဏ္ဏထံမှ ငါးပါးသီလခံယူဆောက် တည်ခဲ့ကြသည်။ထို့နောက် သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူ၍ ဧည့်ပရိသတ်အပေါင်းတို့က နာယူကြည်ညိုခဲ့ကြ သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများနှင့် အလှူရှင်မိသားစုတို့က နောင်တော်ကြီး စေတီတော်မြတ်တွင် တင်လှူပူဇော်မည့် စိန်ဖူး တော်အသစ်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာ တော် ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် သာသာနာ့ဝန်ဆောင် ဩဝါဒါစရိယဆရာတော် သံဃာတော် အရှင်သူမြတ်ကြီးတို့မှ အန္တရာယ်ပယ်ရှင်း ဘေးရန်ကင်း၍ ချမ်းသာပြည့်စုံခြင်းငှာ မြတ်စွာဘုရားရှင် ရွှေနှုတ်တော်လာ ပရိတ်ဒေသနာ တရားတော်မြတ်အား ရွတ်ပွားသရဇ္ဈယ် ချီးမြှင့်၍ ဓမ္မရာဇိန် ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ မင်္ဂလဓမ္မ ဇောတိကဓဇ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝရုဏဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ ကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ စေတီတော်ပေါ်သို့ တင်လှူပူဇော်မည့် စိန်ဖူးတော်မြတ်၊ ငှက်မြတ်နား တော်နှင့် ရွှေထီးတော်မြတ်တို့အား စေတီတော်၏ လက်ယာရစ်သုံးပတ် လှည့်လည်ပင့်ဆောင်ပူဇော်၍ မင်္ဂလာအချိန်တွင် ပန်းရထားဖြင့် စေတီတော်မြတ်ကြီးပေါ်သို့ ပင့်ဆောင်ခဲ့ပြီး ဆရာတော်ကြီးများမှ ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စိန်ဖူးတော်မြတ်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်မြတ်တို့အား စေတီ တော်အထွဋ်သို့ တင်လှူပူဇော်ကြပြီး အမွှေးနံသာရည်များပက်ဖျန်းကာ ရတနာ ရွှေမိုး ငွေမိုးများရွာသွန်းဖြိုး၍ တက်ရောက်လာသော ဧည့်ပရိသတ်များအား စတုဒိတာဖြင့် ကျွေးမွေးဧည့်ခံလှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)