ပိုင်ကျုံမြို့၌ ရာဘာရာသီကုန်ဆုံးချိန်၌  ရာဘာစျေးအနည်းငယ်ကျဆင်းနေ

ပိုင်ကျုံ မတ် ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ခြံလုပ်ငန်းများဖြစ်သည့် ရာဘာစိုက်ပျိုးခြင်းလုပ်ငန်းများကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ယခုနှစ် ရာဘာရာသီကုန်ဆုံးချိန်၌ အဝယ်လိုက်ပြီး ဈေးကောင်းရသောကြောင့် တစ်နိုင်တစ်ပိုင်ရာဘာခြံလုပ်ကိုင်သူများ၊ ခြံသီးစားဝယ်ယူလုပ်ကိုင်သူများ၊ ထက်ဝက်စားစနစ်ဖြင့် အစေးခြစ်ယူသူများတို့ မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း၊ ရာဘာစိုက်ပျိုး‌ရေးလုပ်ငန်း လုပ်ကိုင်သူများ၏ပြောကြားချက်အရ သိရသည်။ ယခုနှစ် ရာဘာတစ်ပေါင်လျင် ၁၉၀၀ကျပ်ခန့်ဖြင့် ဈေးဖွင့်ခဲ့ပြီး  ယခုရာသီပိတ်အချိန်၌ ရာဘာတစ်ပေါင်လျှင် ၁၆၀၀ကျပ်သာ ရောင်းချရကြောင်း၊ ယခုရာဘာရာသီပိတ်ချိန်၌ ရာဘာစျေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း ရာဘာခြံလုပ်ကိုင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

လက်ရှိအချိန်တွင် ရာဘာအစေးများ အထွက်နည်းသော်လည်း မိသားစုစားဝတ်နေရေးအဆင်ပြေစေရေးအတွက် ရာဘာအစေးခြစ်ခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိ‌ကြောင်း၊ ပိုင်ကျုံမြို့နယ်အတွင်း ရာဘာမှိုင်းခံပြီး တစ်ပေါင်လျှင် ၁၅၀၀ကျပ်၊ နေလွတ်တစ်ပေါင် ၁၆၀၀ ကျပ်နှင့် နေလှန်းတစ်ပေါင်လျှင် ၁၄၀၀ ကျပ်မှ ၁၄၅၀ ကျပ်နှုန်းတို့ဖြင့် ဈေးပေါက်နေပြီး ဒေသအလိုက် ဈေးနှုန်းများလည်း ကွာခြားကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)