မုဒုံမြို့ ကျက်သရေဆောင် ကန်ကြီးနောင်တော်ကြီး စေတီတော်မြတ်တင်လှူမည့် စိန်ဖူးတော်အသစ်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်လှည့်လည်ပူဇော်ခံ

မုဒုံ မတ် ၂၀

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျက်သရေဆောင် ကန်ကြီးစေတီတော်၏ နောင်တော်ကြီးစေတီတော်မြတ်တွင် တင်လှူမည့် စိန်ဖူးတော်အသစ်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်အား ဒေသခံပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ယမန်နေ့ညက မြို့မ (၁) ရပ်ကွက်အတွင်းရှိ လမ်းများနှင့် မြို့ထဲဗိုလ်ချုပ်လမ်းတစ်လျှောက် လှည့်လည်ပူဇော်ခံသည်။

ရှေးဦးစွာ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက စေတီတော်အား ဘုရားရှိခိုကန်တော့၍ စေတီတော်မှလှည့်လည်ပူဇော်ခံမည့် လမ်းကြောင်းအတိုင်း ကြွချီခဲ့ရာ မြို့သူမြို့သားများ၊ စေတနာရှင် အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းခဲ့ကြသည်။

နောင်တော်ကြီးစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အသစ်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ကို တပေါင်းလပြည့်နေ့တွင် တင်လှူပူဇော်သွားမည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များ ပါဝင်လှူဒါန်းနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း စေတီတော်ဘဏ္ဍာထိန်း ဂေါပကအဖွဲ့မှ သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)