ဒေးဒရဲ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေ တိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများ သတ္တမစက်ဝန်း ထုတ်ချေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ဓနှုံးချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ စီမံကိန်းအကြောင်းအရာများ ရှင်းလင်းပြောကြားခြင်းနှင့်စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ထံရန်ပုံငွေ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ဓနှုံးကုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ (၈၀)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၃)ဦး၊ ရေလုပ်ငန်းလုပ်ကိုင်သူ (၁၁)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၁၁)ဦးနှင့် အရောင်းအဝယ်လုပ်ကိုင်သူ (၁၁)ဦးအား မြစိမ်းရောင်လည်ပတ်ရန်ပုံငွေကျပ် (၃၈,၀၀၀,၀၀၀)အား လုပ်ငန်းလုပ်ကိုင်မည့် ပြည်သူများ လက်ဝယ်အရောက် ထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဆောင်ရွက် လျက်ရှိရာ ယနေ့အထိ ကျေးရွာ (၈၂)ရွာအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း