ကျုံပျော် နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဂါ့မိုးမြတ်မြတ်သူသည် ကျုံပျော် မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ကျုံပျော်မြို့၊ Facility Quarantine Centre များတွင် အသုံးပြုနိုင်ရန် အလှူငွေကျပ် (၃)သိန်းနှင့် ကျုံပျော်ပြည်သူ့ဆေးရုံ ကိုဗစ်-၁၉ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေကျပ်(၃)သိန်း၊ စုစုပေါင်းအလှူငွေကျပ်(၆) သိန်းတို့ကို လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့တွင် ဝိဇာတရတနာဆေးရုံတော်၊ မြန်ပြည်သားကောင်း ကိုယ်ပိုင်အထက်တန်းကျောင်း၊ တိုင်းရင်းဆေးရုံ နှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် Facility Quarantine Centre များ ဖွင့်လှစ်ပြီးလူ(၂၃၇)ဦးကို စောင့်ကြည့်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျုံပျော်တွင် ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၁)ဦးရှိခဲ့ပြီး၊ ဆေးရုံမှ ဆင်းခွင့်ရသူ (၁၅)ဦးရှိခဲ့ကာ၊ အတည်ပြုလူနာ (၁၆)ဦးကို စောင့်ကြည့်ကုသ ပေးလျက်ရှိကြောင်း သိရသည်။
နေဝင်းမြင့် (ကျုံပျော်)