ချောက် မတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ချောက်မြို့မစျေးအနီး၊ မြို့နယ်ရဲစခန်းလမ်းဆုံလမ်းမတွင် သွားလာသည့်ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာအကြောင်းများအပါအဝင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဥ်း၍ သိရှိလိုသည်များကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည့်ဖုန်းနံပတ်များကိုဖော်ပြထားပြီးပြည်သူစစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများကို ပြည်သူများ သိရှိစေရန်၊ ဆိုရှယ်မီဒီယာများ၌ လုပ်ကြံရေးသားဖော်ပြလျက်ရှိသော သတင်းတု၊ သတင်းမှားများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရန် အမှား၊ အမှန်ဝေဖန်ပိုင်းခြားနိုင်စေရန် ရည်ရွယ်၍ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကျော်မိုး(ပြန်/ဆက်)