ဝန်းသိုမြို့နယ် ဂျိုးတောင်ကျေးရွာတွင် မတည်အလှူငွေကျပ် သိန်း၁၀၀ဖြင့် လေးလက်မ စက်ရေတွင်း တူးဖော် အောင်မြင်ပြီးစီး

ဝန်းသို နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ကျေးရွာတွင် နွေရာသီသောက် သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ခန္တီဝံသာရာမကျောင်းဆရာတော် အရှင်ခေမိန္ဒဦးဆောင်၍ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စက်ယန္တရားကူညီမှုဖြင့် လေးလက်မစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ကို ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင် အောင်မြင်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်း ထံမှ သိရသည်။

"ဥူးဇင်းတို့ဒေသက နွေရာသီဆို ရေကရှားတယ်၊ ဒီနှစ်နွေက ဥူးဇင်းတို့ရွာက သွယ်ယူထားတဲ့ စိမ့်စမ်းရေက လည်း ခမ်းတယ်၊ ဥူးဇင်းမှာ အလှူရှင်တွေလှူထားတဲ့မီးသတ်ကား တစ်စီးရှိတယ်၊ အဲဒီကား လေးနဲ့ပဲ အနီးပတ်ဝန်းကျင်က ရွာတွေကိုရော မိမိတို့ရွာထဲရောလိုက်ပြီးတော့ ရေအလှူတော်လုပ်ဖြစ်တယ်၊ ဒီနှစ်နွေက ရေလှူဖို့ ရေရဖို့ကိုနေရာမရှိတာ၊ ချောင်းထဲမှာ ဘက်ဟိုးယာဉ်နဲ့တူးပြီး ချောင်းရေကိုလှူရတယ်၊ အခုတော့ အောင်မြင်သွားပြီ နီးစပ်ရာရွာတွရော ရေသွားလှူဖို့ ရေအရင်းအမြစ်အတွက် ပူစရာမလိုတော့ဘူး အချိန်မရွေးသွားလှူလို့ရပြီ၊ စေတနာသဒ္ဓါတရားကြောင့်ထင်တယ် စက်ရေတွင်းက ရေလျှံတွင်းလို့တောင် ပြောရင်ရတယ် အစစအရာရာကူညီဆောင်ရွက်ပေးတဲ့ ကျေးလက်ဦးစီးမှူးနဲ့ ရေအလှူတော်အတွက် အဘက်ဘက်ကကူညီဆောင်ရွက်ပေးသူအားလုံးကို  ဥူးဇင်းက သာဓုခေါ်ပါတယ်"ဟု စက်ရေတွင်း တူးဖော် ရခြင်းနှင့်ပတ်သက်၍ ခန္တီဝံသာရာမကျောင်း ဆရာတော် အရှင်ခေမိန္ဒက မိန့်တော်မူခဲ့သည်။

အဆိုပါ စက်ရေတွင်းကို အလှူရှင်ဓမ္မနဒီဆရာတော် အရှင်ဓမ္မသာမိ(ဂျိုးတောင်)က "ဓမ္မနဒီရေ အလှူတော် လုပ်ငန်း"အဖြစ်  အလှူတော်ငွေကျပ်သိန်း(၁၀၀) မတည်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး စက်ရေ တွင်းတူးဖော်ရာ တွင် အနက်ပေ(၅၉၀)ထိ တူးဖော်ခဲ့ရပြီး တစ်နာရီရေဂါလံ(၂၀၀၀)ထိ ထွက်ရှိကြောင်း၊ ဆက်လက်၍ အိမ်တိုင်ရာရောက် တစ်ရွာလုံးရေပေးဝေနိုင်ရေးနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ရေရှား ပါးသော ကျေးရွာများကိုလည်း ရေပေးဝေနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)