တံတားဦးနယ် ရှေးဟောင်းသုတေသနပြတိုက် အင်းဝ-ပန်းယျဌာနစိတ်တွင် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြဆောင်ရွက်

တံတားဦး မတ် ၆           

ပွင့်လင်းရာသီကာလသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ရှေးဟောင်သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ပူးပေါင်းပြီး တံတားဦးမြို့နယ် ဥတည်ကျေးရွာအုပ်စု၊ ပြတိုက်ကွက်သစ်ရပ် ရှေးဟောင်းသုတေသနပြတိုက် အင်းဝ-ပန်းယျဌာနစိတ်တွင် ယနေ့နံနက် (၁၀)နာရီက လက်တွေမီးငြှိမ်းသတ်နည်းသရုပ်ပြဆောင်ရွက်ခြင်းကို ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

ရှေးဦးစွာ လက်တွေ့မီးငြိမ်းသတ်နည်းသရုပ်ပြဆောင်ရွက်ခြင်း မဆောင်ရွက်မီ တံတားဦးမြို့ မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သူအောင်က ဒေသခံပြည်သူများ၊ ပြတိုက်သို့ လာရောက်လေ့လာကြသည့်သူများ မီးဘေးအန္တရယ်ကင်းဝေးစေရေး ပြတိုက်အတွင်းထားရှိသည့် ရှေးဟောင်းပစ္စည်းများ၊ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မီးသတ်ဆေးဘူးများ၊ လျှပ်စစ်မီးဝါယာကြိုးများ သွယ်တန်းထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ 

ထို့နောက် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြဆောင်ရွက်ခြင်းကို ကျင်းပရာ မီးသတ်ဆေးဘူးတွင် ပါရှိသည့်အကြောင်းအရာများ၊ မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြနည်းများ၊ မီးသတ်ဆေးဘူးမသုံးစွဲမီ ဆွဲ၊ ချိန်၊ ညှစ်၊ ဖျန်းဆိုသည့် ဆောင်ပုဒ်အတိုင်း  မီးလောင်မှုဖြစ်ပွားပါက ဦးစွာ မီးသတ်ဆေးဘူး၏ လော့တံကို ဆွဲဖြတ်သင့်ကြောင်း၊ ထို့နောက် မီးတောက်ကိုချိန်သင့်ပြီး မီးသတ်ဆေးဘူး၏ လက်ကိုင်နော်ဇယ်ကိုညှစ်၍ မီးအား အလိုက်သင့်ဖျန်းပေးသင့်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူးဖြင့်လည်းကောင်း၊ ရေစိုအဝတ်ဖြင့် မီးငြှိမ်းခြင်းကို အသီးသီးလက်တွေ့ဆောင်ရွက်ပေးသည်။

တံတားဦးမြို့ အင်းဝ-ပန်းယျဌာနစီတ်တွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်၊ ရှေးဟောင်းအဆောက်အဦများ အလွန်ပေါများသည့် နေရာတစ်ခုဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှေးဟောင်သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ အင်းဝ-ပန်းယျဌာနစီတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ထွေးဝင်းထံမှ သိရသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တံတားဦးမြို့တွင် အထင်ကရနေရာတစ်ခုဖြစ်သော  ရှေးဟောင်းအမွေအနှစ်  ဗားကရာကျောင်းတော်ကြီးသို့ သွားရောက်ပြီး လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြဆောင်ရွက်ကြကြောင်း သိရသည် ။

ရဲတင့်(ပြန်/ဆက်)