မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် နွေစပါးတွင် စိုက်ပျိုးနည်းစနစ်မျိုးစုံ ကွင်းသရုပ်ပြပွဲတက်ရောက် ကြည့်ရှုအားပေး

မကွေး မတ် ၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းနှင့်အတူ တိုင်း၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို ပူးပေါင်းစီစဉ်ကျင်းပသည့် ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၉၀)၊ တောင်သူ ဒေါ်မာမာတင်ပါ တောင်သူ (၂၄) ဦး၏ နွေစပါးတွင် ဆာဖိုးသာစပါးမျိုး အကွက် ကျယ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်၍ ကျေးရွာအုပ်စု (၁၀) အုပ်စုမှ တက်ရောက်လာသော နွေစပါးစိုက်တောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ဦးစွာ စိုက်ကွင်းရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းထွေးမှ ကောက်စိုက်စက်နှင့် မျိုးစေ့ချကိရိယာများ၏ လုပ်ဆောင်ချက်များ၊ ဈေးနှုန်းနှင့် အသုံးပြုပုံ၊ အသုံးဝင်ပုံများနှင့်ပတ်သက်၍  အားအသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တက်ရောက်လာသည့် တောင်သူများအား နွေစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် အထွက်ကောင်းမျိုးများ အားရွေးချယ်စိုက်ပျိုးသွားရန်၊ စိုက်ပျိုးမြေများအား စနစ်တကျပြုပြင်ရန်၊ သမန်းကောင်းအောင် ဆောင်ရွက်ရန်၊ စိုက်ပျိုးနည်းစနစ်အား မှန်ကန်စွာစိုက်ပျိုးရန်၊ ပေါင်းမြက်နှင့် ပိုးမွှားရောဂါကျ ရောက်မှုများအား သတိပြုဆောင်ရွက်ရန်၊ နွေသီးနှံ စိုက်ပျိုးစွမ်းအား တိုးတက်စေရေးအတွက် သီးနှံအလိုက် လျာထားဧက ပြည့်မီအောင် ကြိုးပမ်းစိုက်ပျိုးကြရန်၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ငွေအကုန်အကျသက်သာသည့် တိရစ္ဆာန်စွန့် အညစ်အကြေး) နွားချေး၊ ဆိတ်ချေး၊ သဘာဝမြေဆွေး အစရှိသည့် မြေဩဇာများနှင့် သဘာဝပိုးသတ်ဆေးများကို ပြုလုပ်သုံးစွဲစိုက်ပျိုးကြရန် စိုက်ပျိုးရေကို လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် စိုက်ခင်းအတွင်း စနစ်တကျရေသွင်းရေထုတ်ပြုလုပ်ရန်၊ ပြောင်းလဲလာသောရာသီဥတုနှင့်အညီ လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးနည်းစနစ်များကို အသုံးပြုစိုက်ပျိုး၍ အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ စိုက်ခင်းအတွင်းပြသသည့် Kubota(၆)တန်းသွား ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊  10 Row Seeder၊ Drum Seeder မျိုးစေ့ချကိရိယာတို့ဖြင့် လက်တွေ့သရုပ်ပြ စိုက်ပျိုးမှုအား တက်ရောက်လာသည့် တောင်သူများနှင့်အတူ ကြည့်ရှုအားပေးကာ၊ တက်ရောက်လာသည့် တောင်သူများမှ ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများနှင့်ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းရာ စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က  ယခုကဲ့သို့ ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်းသည် ပြသရုံသက်သက်သာမဟုတ်ပဲ တောင်သူများ အနေဖြင့် လက်တွေ့လိုက်ပါ ဆောင်ရွက်နိုင်ရေး၊ ယခုလက်ရှိတွင် ရင်ဆိုင်နေရသည့် လယ်ယာလုပ်သား ရှားပါးသည့် ပြဿနာအား ဖြေရှင်းပေးနိုင်ရေး၊ ယခုပြသသည့် ပစ္စည်းများအားအသုံးပြု၍ အချိန်တိုအတွင်းသီးနှံများ စိုက်ပျိုးမှုအား လျင်မြန်စွာပြီး မြောက်နိုင်ရေး၊ မျှော်မှန်းသည့်ပန်းတိုင် အထွက်နှုန်းများရရှိ၍ တောင်သူများ၏ တစ်ဧကဝင်ငွေ တိုးတက်လာစေရေး၊ လူမှုစီးပွားဘဝတိုးတက်လာစေရေးနှင့် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံပိုလျှံရေးစသည့် ရည်မှန်းချက်များဖြင့် စိုက်ပျိုးပြသဆောင်ရွက်ခြင်းဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားကာ၊ ဒေသခံ တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ