အောင်လံ မတ် ၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာမေးပွဲကို မတ်လ ၄ ရက်နေ့မှစတင်၍ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ပြန့်ပွားစေရေးနှင့် သာသနာတော်၏ မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရေးအတွက် ဩဝါဒဆရာတော်ကြီးများ ကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလအသင်း၏ (၂၁)ကြိမ်မြောက် အာဂုံပြန်/ရေးဖြေစာမေးပွဲကြီးကို ပြည်လုံးချမ်းသာ အေးစေတီဓမ္မာရုံအတွင်းတွင် ကျင်းပလျက်ရှိသည်။
ပရိယတ္တိစာမေးပွဲကြီးအတွက် စေတနာရှင်၊ အလှူရှင်များ၏ လှူဒါန်းမှုများအား အေးစေတီ ဆွမ်းအသင်းအဖွဲ့တို့က ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၏ ဆွမ်း၊ ကွမ်းဝေယျာဝစ္စများကို ဆောင်ရွက်ပေးကြသည်။ အဆိုပါ မြို့နယ်လုံးဆိုင်ရာပရိယတ္တိစာမေးပွဲတွင် ပထမအဆင့် ရဟန်း(၃)ပါး၊ သာမဏေ(၅)ပါး၊ ဒုတိယအဆင့် ရဟန်း(၂)ပါး၊ အခြေပြုအဆင့် ရဟန်း(၄)ပါးနှင့် သာမဏေ(၁၉)ပါး စုစုပေါင်း (၃၃)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး စာမေးပွဲအား မတ်လ ၈ ရက် နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)