ဘားအံ မတ် ၆
အသက်(၁၅)နှစ်နှင့်အထက်လူငယ်၊ အရွယ်ရောက်ပြီးသူများနှင့် သက်ကြီးပိုင်းအရွယ်များကို ဦးတည်အုပ်စုအနေဖြင့် ရုံးသုံးစာဖြစ်သော မြန်မာစာ၊ မြန်မာစကား အရေး၊ အဖတ်မတတ်သူများ၊ အခြေခံသင်္ချာဘာသာရပ်မတွတ်ချက်တတ်သူများကို ရက်ပေါင်း(၄၀)၊ နာရီပေါင်း (၁၂၀)ကြာ စာတတ်မြောက်ရေးလုပ်ငန်းသင်ကြားပေးနိုင်ရန် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက စာတတ်မြောက်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လစ်ဟင်းမှုမရှိစေဘဲ စေ့စပ်သေချာစွာဖြင့် အလေးအနက်ထား ပြင်ဆင်ဆောင်ရွက်စေလိုကြောင်း၊ စာရင်းရှိသူများအားလုံး တက်ရောက်သင်ကြားနိုင်ရေး အသိပညာပေးရေးနှင့်စည်းရုံးလှုံ့ဆော်ရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားကြစေလိုပြီး နည်းပြ၊ ကြီးကြပ်နှင့် လိုအပ်သည့်သင်ကြားရေးအထောက်အကူပြုပစ္စည်းများရရှိနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားနှင့် စာတတ်မြောက်ရေးလုပ်ငန်းစဉ်များကို အောင်မြင်စွာကျင်းပနိုင်ရေး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်က ပြည်နယ်အတွင်း စာသင်ဝိုင်းအရေအတွက်၊ လိုအပ်သည့်နည်းပြ၊ ကြီးကြပ်ဦးရေ၊ သင်တန်း၊ ဆင့်ပွားသင်တန်းနှင့် နည်းပြ၊ ကြီးကြပ်များ နေထိုင်စားသောက်ရေးဆိုင်ရာများနှင့် သင်တန်းဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကာ လုပ်ငန်းတွဲဖက်ကော်မတီအတွင်းရေးမှူး ပြည်နယ်ပညာရေးမှူး ဦးစသိန်းကျော်က အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအတွက် စာရင်းကောက်ယူရရှိမှုအခြေအနေ၊ တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်တို့မှ နည်းပြနှင့် ကြီးကြပ်သူများရရှိမှုအင်အား၊ သင်ကြားရေးဆိုင်ရာစာရွက်စာတမ်းနှင့် သင်ထောက်ကူပစ္စည်းများ ရယူဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို တင်ပြဆွေးနွေးသည်။
ယင်းနောက် ကရင်ပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြကာ ကရင်ပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)