ဘားအံ မတ် ၆
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့တွင် မြန်မာသက္ကရာဇ်(၁၃၈၅)ခုနှစ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အစည်းအဝေးတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုနှစ်မဟာသင်္ကြန်ပွဲတော်ကို မြန်မာရိုးရာယဉ်ကျေးမှုထုံးတမ်းစဉ်လာများနှင့်အညီ ယခင်နှစ်များထက် ပိုမိုထူးခြားစည်ကားစွာ ကျင်းပသွားမည်ဖြစ်ပြီး လုပ်ငန်းကော်မတီအသီးသီးကို ဖွဲ့စည်းတာဝန်ပေးအပ်ထားကာ အောင်မြင်စွာကျင်းပသွားနိုင်ရေး ကြိုတင်ဆောင်ရွက်မည့်အစီအမံများကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ထည့်သွင်းပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လုပ်ငန်ကော်မတီအသီးသီးမှအတွင်းရေးမှူးများက မြန်မာသက္ကရာဇ် (၁၃၈၅)ခုနှစ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအကပြိုင်ပွဲနှင့်တပင်တိုင်အကပြိုင်ပွဲကို ကိုယ်ပိုင်သံစဉ်နှင့် Copy သံစဉ်ဟူ၍ နှစ်မျိုးထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များ အချိန်ယူကြိုတင်ပြင်ဆင်ထားနိုင်ရေး၊ ဗဟိုမဏ္ဍပ်၊ ဝန်ကြီးဌာနမဏ္ဍပ်များနှင့် ရပ်ကွက်/ကျေးရွာရေကစားမဏ္ဍပ်များ စနစ်တကျတည်ဆောက်၍ မဏ္ဍပ်ပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပကာ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သွားနိုင်ရေး၊ ခေမာလမ်းနှင့်အင်ကုန်းလမ်းကြား ပေ(၁၀၀၀)ကို လမ်းလျှောက်သင်္ကြန်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံးပါဝင်ဆင်နွှဲနိုင်ရေး၊ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတို့ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲများကျင်းပနိုင်ရေး အစရှိသည့် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုတင်ပြဆွေးနွေးခဲ့ကြသည်။
ထိုသို့ တင်ပြဆွေးနွေးချက်များအပေါ် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)