လိပ်သို မတ် ၆
လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ အောင်သင်း ရေးသားသော “မျိုးဆက်သစ်ရဲ့မဟာမိတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်ဗဟုသုတတိုးပွားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာ အောင်သင်း ရေးသားသည့် “မျိုးဆက်သစ်ရဲ့မဟာမိတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ (Book Club) အဖွဲ့ဝင် စောမျိုးမြင့်သန်းက“ပညာရှာတယ်ဆိုတာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နော်စုစုငယ်က “စိတ်အနေအထား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နော်စံပယ်မိုးက “တာဝန်” ခေါင်းစဉ်အောက်မှ “တာဝန်သည်ကိုယ်ကျင့်၊ သတ္တိနှင့် စွမ်းရည်ကို ထင်ရှားစေကြောင်း၊ ရုတ်တရက် ကြည့်လိုက်လျှင် တာဝန်နှင့် ကိုယ်ကျင့်တရားသည် ဆက်စပ်မှုမရှိသော်လည်း သေချာစဉ်းစားတွေးခေါ်ကြည့်လျှင် တာဝန်နှင့်ကိုယ်ကျင့်တရားသည် တိုက်ရိုက်ဆက်စပ်နေသည်ကို ယုံကြည်မိလာမည်ဖြစ်ကြောင်း” စသည့် အကြောင်းအရာများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာဖတ်ဝိုင်းတက်ရောက်လာသူ Book Club အဖွဲ့ဝင်များက ဖတ်ကြားဆွေးနွေးခဲ့သော ခေါင်းစဉ်များအပေါ် မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်းအပြန်အလှန်မျှဝေဖလှယ်ခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)