မင်းလှ မတ် ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပမည့် စာစစ်ဌာနများအား တည်ငြိမ်အေးချမ်း အောင်မြင်စွာ ဖြေဆိုနိုင်ရန်အတွက် ယမန်နေ့နေ့လယ် (၁)နာရီချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိအဖွဲ့က လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မိုးဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးနှင့် တာဝန်ရှိသူများက စာစစ်ဌာနများ၌ ကျောင်းလုံခြုံရေးစည်းများ သေချာစွာကြပ် မတ်ဆောင်ရွက်ရန်၊ ကျောင်းသား/သူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် မလိုလားအပ်သော ပြသနာများ မဖြစ်ပွားစေရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဂရုစိုက်ဆောင်ရွက်ရန်၊ လျှပ်စစ်မီးပြတ်တောက်ခဲ့လျှင် မီးစက်များ အသင့်ပြင်ဆင်ထားရေး၊ သောက်သုံးရေများ သန့်ရှင်းစွာ ထားရှိရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် စာမေးပွဲဖြေဆိုမည့်အခန်းများကို ကြည့်ရှုပြီး စာရေးခုံများ ကြံ့ခိုင်မှုရှိရေး၊ ကောင်းမွန်သော အလင်းရောင် ရရှိမှု ရှိ/မရှိ၊ လေဝင်လေထွက် ကောင်းမွန်ရေး၊ မီးဘေးအန္တရာယ် မဖြစ်ပွားစေရန်အတွက် ပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ထားမှု၊ ရေကန်များတွင် ရေသိုလှောင်ထားရှိမှု၊ မီးသတ်ဆေးဘူးများ အသင့်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့သည်။
မင်းလှမြို့နယ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ကျောင်းသား/ကျောင်းသူ အတွင်းဖြေ (၃၅၄)ဦး၊ အပြင်ဖြေ (၁၀) ဦး စုစုပေါင်း (၃၆၄) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး အ.ထ.က မင်းလှ(မြို့ပြင်) စာစစ်ဌာနနှင့် အ.ထ.က (စစ်ကွင်း) စာစစ်ဌာန နှစ်ခုထားရှိကြောင်း သိရသည်။
ပေါက်စ (ပြန်/ဆက်)