ကရသူရိ မတ် ၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဒေသခံများသည် နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းနှင့် ရာသီပေါ်ဟင်းသီး/ ဟင်းရွက်များစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်လျက်ရှိပြီး ယခုလရာသီတွင် ရာသီဥတုပူပြင်းလာသဖြင့် ချဉ်ပေါင်ရောင်းအားကောင်း၍ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများ မိသားစုဝင်ငွေကောင်းကောင်းရရှိနေကြောင်း သိရသည်။
“ရာသီဥတုက ပူပြင်းနေတော့ အချဉ်ဟင်းပါမှ ခံတွင်းတွေ့ကြတာဆိုတော့ ချဉ်ပေါင်ရွက်က နေ့စဉ်ရောင်းနေရတယ်။ ချဉ်ပေါင်ကတော့ အရင်းအနှီးနည်းပါးပြီး အမြတ်များများရတဲ့ စိုက်ပျိုးရေး တစ်ခုဖြစ်ပြီး ယခုလိုရာသီမှာ ဈေးကောင်းအရဆုံးဖြစ်တယ်။ ချဉ်ပေါင်မျိုးစေ့ (၁)ဘူးကို (၄၅၀၀)ကျပ်ဖြင့်ဝယ်ယူပြီး (၃)ဘူးလောက် စိုက်ပျိုးမည်ဆိုပါက တစ်ပိုင်တစ်နိုင်ကောင်းကောင်းလုံလောက်ပါတယ်။ ချဉ်ပေါင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး နွေမှာ စိုက်ပျိုးရင်တော့ ရေများများရရှိမှသာလျှင် အပင်ကြီးထွားနှုန်းပိုမြန်တယ်။ သူ့ကို စိုက်ပျိုးပြီး ရက်ပေါင်း(၅၀) အတွင်း စတင်ခူးရောင်းနိုင်ပြီး လက်ရှိ ချဉ်ပေါင်ရွက်(၁)စည်းကို (၃၀၀)ကျပ်ရရှိကာ တစ်နေ့ ပျမ်းမျှဝင်ငွေ(၁၃၀၀၀)ကျပ်ခန့်ရရှိပြီး ဒေသအတွင်းရောင်းချကြောင်း” စိုက်ပျိုးသူတစ်ဦးက
ပြောသည်။
ရာသီဥတုပူပြင်းမှုကြောင်း တစ်နေ့တာ စားသောက်မှုဟင်းလျာများတွင် မပါမဖြစ်လိုအပ်နေသည့် ချဉ်ပေါင်ရွက်ကို ကြော်၍သော် လည်းကောင်း၊ ဟင်းချိုအဖြစ်သော်လည်းကောင်းအမျိုးမျိုး ပြုလုပ်စားသောက်လျက်ရှိသဖြင့် ရောင်းအားကောင်းခြင်းဖြစ်ကြောင်းသိရသည်။
ကရသူရိ(ပြန်/ဆက်)