မိုင်းယောင်း မတ် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးသတိမူရေးနှင့် မီးလောင်ဆုံးရှုံးမှုလျော့နည်းစေရေးတို့အတွက် ယမန်နေ့တွင် တာဝန်ရှိသူများက အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးပြီး မီးအသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန်များနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လိုက်နာရမည့် အချက်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ညပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်တားဆီးရေး သတိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)