မောက်မယ် မတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်၊ ဆေးဝါးများနှင့်အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးခြင်း၊ ဘိုးဘွားများကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာ နေထိုင်နိုင်ရန်ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ်၊ တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဦးမင်းသက်နိုင်က နိုင်ငံတော်က လူမှုဝန်ထမ်းမှတစ်ဆင့် ထောက်ပံ့ပေးနေမှု အပေါ် ရပ်ကွက်/ကျေးရွာများရှိ သက်ကြီးဘိုးဘွားများ လက်ဝယ်သို့အရောက် သွားရောက်ထောက်ပံ့ပေးစေချင်ကြောင်း အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်ချိုချိုလွင်က လူမှုရေးပင်စင်ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
သက်ကြီးဘိုးဘွားများ တစ်ဦးလျင်ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် မြို့ပေါ်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု (၈) အုပ်စုတို့မှ သက်ကြီးဘိုးဘွားများ (၄၉) ဦးတို့အတွက် စုစုပေါင်းငွေကျပ် (၁၄၇၀၀၀၀) အား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ထံ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်