စစ်ကိုင်းမြို့တွင် ပြည်သူများအလုပ်အကိုင်ရရှိရေး မုန့်မျိုးစုံထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်

စစ်ကိုင်း မတ် ၆

စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ရပ်ကွက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး မုန့်မျိုးစုံထုတ်လုပ်မှု နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့ကအဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က ပြည်သူများအလုပ်အကိုင်ရရှိရေးအတွက် သက်ဆိုင်ရာဌာနအနေဖြင့် မုန့်မျိုးစုံထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး စိတ်ဝင်စားစွာလေ့လာ မှတ်သားသွာကြပါလို့ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဝေလျံစိုးက မုန့်မျိုးစုံထုတ်လုပ်မှု သင်တန်းများကို အခမဲ့ဖွင့်လှစ်ပေးခဲတာဆိုရင် (၆) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် စိတ်ဝင်စားစွာသင်ယူပြီး ရရှိလာမည့်ပညာရပ်များဖြင့် မိမိတို့မိသားစုများ တစ်ပိုင်တစ်နိုင် လက်တွေ့ဆောင်ရွက် လုပ်ကိုင်သွားကြစေလိုကြောင်း၊ တစ်ပိုင်တစ်နိုင်မှတဆင့်အောင် မြင်တဲ့လုပ်ငန်းရှင်ကြီးများဖြစ်အောင် ကြိုးစားသွားကြပါ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုကိုလည်း အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ရက်သတ္တပတ် (၁) ကြာ လက်တွေ့သင်ကြားပြသပေးသွားမှာဖြစ်ပြီး သင်တန်းသို့ ရပ်ကွက်နေပြည်သူ သင်တန်းသား/ သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)