မောက်မယ် မတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မွေတော်ရပ်ကွက်ရှိ မြို့သမိုင်းဝင် ရှေးဟောင်းနန်းဖတ်ခုမ်စေတီကျောင်းဆရာတော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ကြီးမှူးကျင်းပသည့် တိုင်းရင်းသားရိုးရာစုပေါင်းရှင်ပြုရဟန်းခံပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ရှင်လောင်းအကြိုပွဲကို စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌ အောင်မင်္ဂလာမွေတော်ကျောင်း ဆရာတော်ဘုရားထံ ရတနာသုံးပါးကန်တော့၍ ငါးပါးသီလခံယူပြီး မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ လှည့်လည်ကန်တော့ကြသည်။ အဆိုပါပွဲတော်တွင် ရှင်သာမဏေလောင်း (၁၀)ပါးကို အလှဆင်ပြီး မြင်းစီး၍လည်းကောင်း၊ ပုခုံးပေါ်ထမ်း၍ ဒေသခံတိုင်းရင်းသားပြည်သူများက ရှမ်းအိုးစည်များဖြင့် ပျော်ပျော်ရွင်ရွင် ဆင်နွဲခဲ့ကြသည်။ ရှင်လောင်းပွဲတော်ကို မတ်လ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ နှစ်ရက်တာ ဖိတ်ကြားထားသော ဒေသခံပြည်သူများသာမက ရပ်ဝေးရပ်နီးဧည့်သည်များအား စားသောက်ဖွယ်ရာများ၊ အချိုရည်များဖြင့် ဧည့်ခံကျွေးမွေးကြပြီး ယမန်နေ့ ညနေ ၃ နာရီတွင် အလှဆင်ထားသည့် ရှင်သာမဏေလောင်းများ၊ လှူဖွယ်ပစ္စည်းများ၊ ပဒေသာပင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက ရှမ်းအိုးစည်ဗုံမောင်းများတို့ဖြင့် စည်ကားသိုက်မြိုက်စွာ မြို့ပေါ်ရပ်ကွက်အတွင်း အလှူလှည့်လည်ကြပြီး ယနေ့နေ့လယ် (၂)နာရီ နန်းဖတ်ခုမ်စေတီကျောင်းတွင် ရှင်သာမဏေလောင်းများအား ရှင်သာမဏေအဖြစ် ရဟန်းဘဝသို့သွပ်သွင်း၍ ပင့်ဖိတ်ထားသောဆရာတော် သံဃာတော်များထံတွင် ရတနာသုံးပါးကန်တော့၍ ငါးပါးသီလခံယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)