မကွေး မတ် ၆
မကွေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီခွဲက မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးသင်တန်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများကို မှတ်ပုံတင်ပေးခြင်း၊ ထုတ်ကုန်များ အရည်အသွေးပြည့်မီစေရန် ဓါတ်ခွဲစမ်းသပ်ပေးခြင်း၊ နည်းပညာဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းများပေးခြင်း၊ အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်း ပြပွဲပြိုင်ပွဲများ ကျင်းပပေးခြင်း၊ အရင်းအနှီးချေးငွေရရှိရေးအတွက် ငွေကြေးထောက်ပံ့ပေးသည့်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှာပို့ချပေးသော ဆိုင်ကယ်ပြင်သင်တန်းနှင့်ပတ်သက်သည့် အသိပညာ၊ အတတ်ပညာများကို စဉ်ဆက်မပြတ်လေ့လာကာ လက်တွေ့နယ်ပယ်တွင် အောင်မြင်စွာ အကျိုးရှိရှိ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုအဖြစ် အသုံးချကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ လူငယ်ကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်လူငယ်များ အသက်မွေးဝမ်းကျောင်းပညာကဏ္ဍနှင့် အနာဂတ်ဖွံ့ဖြိုးဖို့ အလားအလာကောင်းများကို ဖြည့်ဆည်းဆောင်ရွက်သည့်အနေဖြင့် လူငယ်များ အသက်မွေး ဝမ်းကျောင်းပညာတွေသင်ယူပြီး တစ်နိုင်တစ်ပိုင် လုပ်ငန်းထူထောင်နိုင်ရေးအတွက် ရည်ရွယ်ခဲ့တာဖြစ်တဲ့အတွက် လူငယ်တွေအနေနဲ့ ကြိုးစားပြီးသင်ယူကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြများနှင့် သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားပြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က သင်တန်းသားများအား အသက်မွေးဝမ်းကျောင်းပညာသင်ထောက်ပံ့ကြေးများကို အသီးသီးပေးအပ်ခဲ့ပြီး သင်ထောက်ကူ ပစ္စည်းများအား လှည့်လည် ကြည့်ရှုခဲ့သည်။
အဆိုပါ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းတွင် မော်တော်ဆိုင်ကယ်အစိတ်အပိုင်းနှင့် စက်ပစ္စည်းပြုလုပ်ပုံအဆင့်ဆင့်၊ မော်တော်ဆိုင်ကယ်အင်ဂျင်အကြောင်း၊ ကာဖြူရေတာ၊ အင်ဂျင်ဟက်၊ အင်ဂျင်ဘလောက်၊ ကလပ်အုံနှင့် Gear Box ၏လုပ်ဆောင်ချက်များ၊ မော်တော်ဆိုင်ကယ်တစ်စီးလုံး၏ ဝါယာရိန်းဆက်သွယ်ချက်များကို သင်တန်းနည်းပြနှစ်ဦးက သင်တန်းသား ၂၀ ဦးအား မတ်လ ၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)