ဆင်ပေါင်ဝဲမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ-ချေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဆင်ပေါင်ဝဲ မတ် ၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ-ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ကော်မတီဝင်များ အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ-ချေးငွေ ပေးအပ်ရခြင်းနှင့် စပ်လျဥ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သဘာဝမြေဩဇာ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပြည်တွင်းဖြစ် ယူရီးယားမြေဩဇာ ဖြန့်ဖြူးခြင်း လုပ်ငန်းအတွက် ကျပ်သန်း (၄၀၀) ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကော်မတီဝင်တို့က “အောင်ကောင်းမြတ်” လယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းဥက္ကဋ္ဌ ဦးအေးနိုင်နှင့် အမှုဆောင်အဖွဲ့အား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)