ပဲခူး မတ် ၆
အင်္ဂလိပ်စာဘာသာစကား စွမ်းရည်(၄)ရပ် (Four Skills)ကို မြှင့်တင်ပေးရန်နှင့် ဗလငါးတန် ပြည့်စုံစေရန် ရည်ရွယ်၍ ပဲခူးတက္ကသိုလ် (Community Centre) ခန်းမနှင့် မတ်လ(၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးတက္ကသိုလ် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲ လက်ငင်းဟောပြောချက်နှင့် စာပေစကားဝိုင်း ဆွေးနွေးမှု အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်က အဖွင့်အမှာစကား ပြောကြားပြီး အင်္ဂလိပ်စာဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်မြင့်မြင့်ချိုက အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဝိဇ္ဇာ/သိပ္ပံ အထူးပြုဘာသာရပ်များမှ ကျောင်းသား/သူ(၁၆)ဦးက အံသြသင့်မိသောအရာ၊ အားကစားလေ့ကျင့်ခြင်း၏ အကျိုးကျေးဇူး၊ သမိုင်းဝင်နေရာတစ်ခုသို့ အလယ်တစ်ခေါက်၊ အားကစားလုပ်ခြင်းသည် ကျောင်းသားများအတွက် ဘာကြောင့် အရေးကြီးသလဲ၊ ပဲခူးတက္ကသိုလ်မှ ရရှိသောချိုခါးခါး အမှတ်တရများ၊ လူသားများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ ကျွန်ုပ်အနှစ်အသက်ဆုံး တန်ဖိုးနည်းသော အာဟာရအစားအစာ၊ TV ကြည့်ရာမှ လေ့လာသင်ယူမိသောအရာများ စသည့်ခေါင်းစဥ်များဖြင့် လက်ငင်းစကားပြော ပြိုင်ပွဲဝင်ကြပြီး ကျောင်းသား/သူ (၂၀)ဦးက အဖွဲ့(၄)ဖွဲ့ခွဲ၍ လူငယ်နှင့် ယဥ်ကျေးမှု၊ လူငယ်နှင့် ပလက်စတစ်ဆာဂျရီ၊ လူငယ်နှင့် သဘာဝပတ်ဝန်းကျင်၊ လူငယ်နှင့် စည်းကမ်းခေါင်းစဥ်များဖြင့် စကားဝိုင်းဆွေးနွေးကြသည်။
ယင်းနောက် (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများနှင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲတို့တွင် ဆုရရှိသူ ကျောင်းသား/သူများအား ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်၊ ဒုတိယ ပါမောက္ခချုပ်များဖြစ်သည့် ဒေါက်တာ အေးအေးခိုင်မြင့်၊ ဒေါက်တာစန်းယုမော်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)