ကျိုက်လတ် မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အခြေခံပညာ အထက်တန်းကျောင်းများမှ ဘာသာတွဲအလိုက် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၆၀၂) ဦးဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက္ကသိုလ်ဝင်တန်း၌ တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူ (၅၉၂) ဦး ရှိပြီး ပြင်ပဖြေဆိုသူကျောင်းသား၊ ကျောင်းသူ (၁၀) ဦး စုစုပေါင်း(၆၀၂)ဦးတို့ ဖြေဆိုခွင့်လျှောက်လွှာများ တင်ထားကြောင်းသိရပြီး ကျိုက်လတ်မြို့နယ်တွင် စာစစ်ဌာန (၇)ခု ဖြစ်သော အ.ထ.က(၁)၊ အ.ထ.က (ရုံးဒေါင့်)၊ အ.ထ.က(လှိုင်းတာ)၊ အ.ထ.က(အိမ်ယာကြီး)၊ အထက(ထရော်ရွာသစ်)၊ အ.ထ.က(သဗြုဆိပ်ညောင်ချောင်း) နှင့် အ.ထ.က(ပေချောင်) တို့တွင် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာမ/ဆရာမများနှင့် ကျောင်းသားမိဘများပူးပေါင်းပြီး အနီးကပ်အချိန်ပိုသင်ကြားရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ပေးထားကြောင်းနှင့် စာမေးပွဲဖြေဆိုချိန်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက်လိုအပ်သော ကျောင်းလုံခြုံရေးကိစ္စရပ်များနှင့် ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဦးလှိုင်မင်းအောင်
ကျိုက်လတ် (ပြန်/ဆက်)