ဓနုဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများဆောင်ရွက်

ဓနုဖြူ မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများကို ယနေ့မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ကဉ္စနကျွန်းသာ (Gold Delta) ကုမ္ပဏီလီမိတက် ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးနောင်နောင်က မြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများအတွင်း မီးဘေးအန္တရာယ်မဖြစ်ပွားမပေါ်ပေါက်စေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများ၊ လိုက်နာရမည့်အချက်များ မီးဘေးအန္တရာယ်အရေးပေါ် အခြေအနေဖြစ်ပေါ်လာပါက အလျင်အမြန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများအား မီးဘေးကြိုတင်ကာကွယ်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနောင်နောင်နှင့်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဥ်ဖြင့်မီးငြှိမ်းသတ်ပြခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံအား ရှင်းလင်းပြောကြားခြင်း၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်မှုများကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)