၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရေတာရှည်မြို့နယ်၌ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

ရေတာရှည် မတ် ၅

၂၀၂၄ ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၉၇ ဦးရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဥက္ကာသန်းက ရေတာရှည်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဖြေဆိုကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေး၊ ကျောင်းတွင်း ကျောင်းပြင်ပ လုံခြုံမှုရှိစေရန်နှင့်  စာမေးပွဲအား ကျောင်းစည်းမျဥ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြေဆိုကြရန် လိုအပ်သည်များအား လမ်းညွှန်မှာကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦးက ရေတာရှည်မြို့နယ်အတွင်း စာစစ်ဌာနများ စီစဥ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြဆွေးနွေးသည်။

ယခုနှစ်တွင် ရေတာရှည်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၉၇ ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ရာ ရေတာရှည်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် ရေတာရှည် ၊ ရွှေကြက်ယက် ၊ ဆွာ ၊ သာဂရ ၊ မြို့လှနှင့် ရေနီစာစစ်ဌာန(၆) ခု ဖြင့် စီစဥ်ကျင်းပဖြေဆိုမည်ဖြစ်ကြောင်း ၊ ဘာသာတွဲများအလိုက် ကျောင်းတွင်း တက်ရောက်ဖြေဆိုသူ(၆၈၃)ဦး၊ ပြင်ပမှဖြေဆိုသူ(၁၄)ဦးရှိကြောင်း၊ စာမေးပွဲဖြေဆိုချိန်အတွင်း သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကြီးကြပ်ရေးမှူးများနှင့်  လုံခြုံရေးတာဝန်ခံများဖြင့် စနစ်တကျကျင်းပဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှသိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ မတ်လ ၁၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ မတ်လ ၁၁ ရက်နေ့တွင် မြန်မာစာ ၊ မတ်လ ၁၂ ရက်နေ့တွင် အင်္ဂလိပ်စာ ၊ မတ်လ ၁၃ ရက်နေ့တွင် သင်္ချာ၊ မတ်လ ၁၄ ရက်နေ့တွင် ဓာတုဗေဒ ၊ ပထဝီဝင် ၊ မတ်လ ၁၅ ရက်နေ့တွင် ရူပဗေဒ၊ သမိုင်း၊ မတ်လ ၁၆ ရက်နေ့တွင် ဇီဝဗေဒ ၊ ဘောဂဗေဒ ၊ မတ်လ ၁၈ ရက်နေ့တွင် လူမှုရေးသိပ္ပံနှင့် မတ်လ ၁၉ ရက်နေ့တွင် စိတ်ကြိုက်မြန်မာစာစာမေးပွဲဖြေဆိုမှု အချိန်စာရင်းများကိုကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ရေတာရှည်(ပြန်/ဆက်)