ခန္တီးမြို့နယ်၌ မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းဖွင့်လှစ်

ခန္တီး မတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် အထောက်အကူပြုစေရန်နှင့် လူငယ်များ သမာအာဇီဝကျကျ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ခန္တီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနက မော်တော် ဆိုင်ကယ်စက်ပြင် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ဦးဆွေက တက်ကြမည့်သင်တန်းသားများအား အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးအောင်သူမြတ်က သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ခင်းကျင်းပြသထားသည့် သင်ကြားရာတွင်အသုံးပြုမည့် ပစ္စည်းကိရိယာများအား ကြည့်ရှုခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းကို လက်ရှိခန္တီးမြို့​​ပေါ်တွင်ဆိုင်ကယ်ပြုပြင်​ရေးဆိုင်ဖွင့်လှစ်ထားသည့် ဝပ်ရှော့ဆရာ (၂) ဦးမှသင်ကြားပို့ချသွားမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်/ ကျေးရွာများမှ သင်တန်းသား (၂၀) ဦးတက်​ရောက်ကြမည်ဖြစ်ကာ သင်တန်းကာလမှာ (၅-၃-၂၀၂၄) ရက်နေ့မှ (၁၉-၃-၂၀၂၄) ရက်နေ့ထိ (၂)ပတ်ကြာ စာတွေ့လက်တွေ့ သင်တန်းကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)