မုဒုံမြို့၌ ဒေသထွက် ဓနိဖက်များ အရောင်းသွက်လာသည့်အတွက် လုပ်သားများ အလုပ်အကိုင် အခွင့်အလမ်းရရှိ

မုဒုံ မတ် ၅

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဓနိဖက်များကို ကတုံးပေါ်၊ ဘလောက်ညောင်ဝိုင်း၊ ကင်း ချောင်း၊ ဝဲကလိ၊ ကမာအုပ် ကျေးရွာများမှ အများဆုံးထွက်ရှိပြီး ယခုအချိန်တွင် ဓနိဖက်များ အရောင်းသွက်လာကြောင်း သိရသည်။

ဓနိပင်များသည် ပင်လယ်ဆိပ်ကမ်း အနီးအနားရှိ ကျေးရွာများတွင် အများဆုံးပေါက် ရောက်လေ့ရှိပြီး  ကင်းချောင်းကျေးရွာတွင် ဓနိဖက်ထုတ်လုပ် ဧက (၇၀၀) မှ (၈၀၀) အထိရှိကြောင်း၊ ဓနိဖက်ခုတ်ခ တစ်စီးလျှင် ငွေကျပ်(၂၅၀၀)ပေးရကြောင်း၊ ခုတ်ပြီး သားဓနိဖက်များကို ဖက်ထိုးသားများက ဖက်ထိုးရပြီး ဖက်ထိုးခအနေဖြင့် ပျစ် (၁၀၀) ကို ငွေကျပ် (၂၀၀၀) ပေးရကြောင်း၊ ပြီးခဲ့သော လများတွင် မိုးမကျမီ နေအိမ်များ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ကြရာ ဓနိဖက်အချပ်ရေ တစ်ရက်လျှင်  ၅၀၀၀၀ မှ ၁၂၀၀၀၀ အထိ အရောင်းသွက်လာကြောင်း အဆိုပါကျေးရွာနေ ဦးဝင်းစိုးက ပြောသည်။

ဒေသခံပြည်သူများအနေဖြင့် ဓနိဖက်လုပ်ငန်းအပြင် အခြားသီးနှံများ ရာသီအလိုက် စိုက်ပျိုးကြပြီး မွေးမြူရေးလုပ်ငန်းများကိုပါ တွဲဘက်လုပ်ကိုင်ကြရာ     လက်ရှိအချိန်တွင် ဓနိဖက်များ  အရောင်းသွက်လာသောကြောင့်  ဓနိဖက်ထုတ်လုပ်ရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။   မုဒုံမြို့နယ်ရှိ ကျေးရွာများမှ ထွက်ရှိသော ဓနိဖက်များကို မြို့နယ်အပြင် မော်လမြိုင်၊ ကျိုက်မရောမြို့နယ်များရှိ ဒေသများသို့ အများဆုံးတင်ပို့ ရောင်းချရပြီး အရောင်းသွက်လာကာ ဓနိဖက်ပြုလုပ်ရောင်းချသူများ အဆင်ပြေလျက်ရှိရာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)