ကျိုက်ထို မတ် ၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ရိုးရာခြင်းခတ်နည်းသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းမော်က လူငယ်လူရွယ်များအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာဖြင့် အသိပညာ၊ အတတ်ပညာများကို လေ့လာသင်ယူသင့်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးစီးအရာရှိ ဦးရန်နိုင်အောင်က အားကစားနည်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နည်းပြဆရာဦးစိုးလွင်မှ ရိုးရာခြင်းခတ်ရာတွင် အထိ(၆)ချက်ဖြစ်သည့် ခြေဖျား၊ ခြေခွင်၊ ဒူး၊ ဘေးဖဝါး၊ ဘေးဖနောင့်၊ ဘေးဖမျက်၊ ထပ်ခြေဖျား၊ထပ်ခြေခွင်၊ ထပ်ဒူးစသည့် အခြေခံခြင်းခတ်နည်းများကို မတ်လ(၅)ရက်နေ့မှ (၁၁)ရက်နေ့ထိ (၇)ရက်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)