ပွင့်ဖြူ မတ် ၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်းနှင့် တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် တောင်သူပညာပေး အထွက်တိုးစပါး ဆာဖိုးသာစပါးမျိုး အကွက်ကျယ်စံပြကွက် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး နွေသီးနှံစိုက်ပျိုးရာသီတွင် စပါးသီးနှံစိုက်ပျိုး စွမ်းအားတိုးတက်မြင့်မားရေးအတွက် တောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာနှင့် ရွာခိုင်ကျေးရွာမှ နွေသီးနှံ အထွက်တိုးစပါး ဆာဖိုးသာစပါးမျိုး အကွက်ကျယ် စံပြကွက် စိုက်ပျိုးမည့် ဒေသခံတောင်သူများကို တွေ့ဆုံ၍ နွေသီးနှံ စိုက်ပျိုးရာသီတွင် တောင်သူသီးနှံဝင်ငွေ တိုးပွားစေရန်နှင့် တစ်ဧက ပန်းတိုင်အထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြရန် ၊ စိုက်နည်းစနစ် မှန်ကန်ရေး ၊ သွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးစွဲစိုက်ပျိုးလုပ်ကိုင်ကြရန် ၊ နွေသီးနှံစိုက်ပျိုးစွမ်းအားတိုးတက်စေရေးအတွက် သီးနှံအလိုက် လျာထားဧက ပြည့်မီအောင် ကြိုးပမ်းစိုက်ပျိုးကြရန်၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ငွေအကုန်အကျသက်သာသည့် တိရစ္ဆာန်စွန့် အညစ်အကြေး) နွားချေး ၊ ဆိတ်ချေး ၊ သဘာဝမြေဆွေး အစရှိသည့် မြေဩဇာများနှင့် သဘာဝပိုးသတ်ဆေးများကို ပြုလုပ်သုံးစွဲစိုက်ပျိုးကြရန်နှင့် စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှုမရှိအောင် စနစ်တကျ စိုက်ပျိုးကြရန် ဆွေးနွေးမှာကြားကာ တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၃ - ၂၀၂၄ နွေသီးနှံစိုက်ပျိုးရာသီအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာတောင်သူ ဒေါ်မာမာတင်၏ ကွင်းအမှတ် (၇၉၀) တွင် လက်ဆွဲကောက်စိုက်စက် ၊ Kubota ခြောက်တန်းသွား ကောက်စိုက်စက် ၊ Row Seeder နှင့် Drum Seeder တို့ဖြင့် တောင်သူပညာပေး အထွက်တိုးစပါး ဆာဖိုးသာစပါးမျိုး ဧက(၅၀) အကွက်ကျယ်စံပြကွက် စိုက်ပျိုးသရုပ်ပြသမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားရေးနှင့် သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးစိုက်ဧက ၃၁၂၈၇ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး တောင်သူများ နွေစပါးနှင့် အခြား နွေသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော စိုက်ပျိုးရေးနည်းပညာနှင့် မျိုးကောင်းမျိုးသန့်များရရှိရေးအတွက် စိုက်ပျိုးနှင့် ပတ်သက်သည့် ဆက်စပ်ဌာနများမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )