ထားဝယ် မတ် ၅
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ထားဝယ်ခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် တိုင်းဒေသကြီးပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံသားတိုင်းသည်ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး(၃)ပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန်ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အနေဖြင့် ခရိုင်/မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို ဖွဲ့စည်းထားပြီဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့အနေဖြင့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ ရေးဆွဲဆောင်ရွက်လျက်ရှိပြီး နည်းဥပဒေရေးဆွဲပြဋ္ဌာန်းပြီးပါက သက်ဆိုင်ရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အဆင့်ဆင့်မှ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းသိရှိထားရန်လိုအပ်ပြီး စစ်မှုထမ်းဥပဒေအား မလိုလားသော အဖွဲ့အစည်းများက နည်းလမ်းပေါင်းစုံဖြင့် သတင်းအမှားများထုတ်ပြန်ခြင်း၊ အဖျက်အမှောင့်လုပ်ငန်းများအား ပြောဆိုဆောင်ရွက်ခြင်းစသည့်တို့ကို ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းကို ဌာနဆိုင်ရာများမှ တဆင့်ဝန်ထမ်းများနှင့်ပြည်သူများအား ချပြရှင်းလင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ စစ်မှုထမ်းရမည့်အသက်အရွယ် သတ်မှတ်ချက်အနေဖြင့် အမျိုးသားဖြစ်လျှင် အသက်(၁၈)နှစ် ပြည့်ပြီး အသက်(၃၅)နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၂၇)နှစ်မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသားဖြစ်လျှင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၄၅)နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသမီးဖြစ်လျှင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၃၅)နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း ဥပဒေအရ သတ်မှတ်ထားပါ ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်သည်နှင့် ချက်ချင်းစစ်မှုထမ်းရန်ခေါ်ယူမည်မဟုတ်ဘဲ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ စနစ်တကျရေးဆွဲပြီးချိန်မှသာ စစ်မှုထမ်းစနစ်စတင်မည်ဖြစ်ကြောင်း၊ ပြည်သူအားလုံးကပြည်သူ့စစ်မှုထမ်းဥပဒေအား ကာကွယ်ရေးကဏ္ဍတွင် ကိုယ်တိုင်ပါဝင်လာကြသည့်အတွက် စစ်ဘက်၊အရပ်ဘက်ဆက်ဆံရေးလည်း ပိုမိုကောင်းမွန်တိုးတက်လာမည်ဖြစ်သည့်အပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် စီးပွားရေးကဏ္ဍဆောင်ရွက်ရာတွင်လည်း ဘက်စုံသမမျှတစွာ ညီညွတ်မျှတလာမှာဖြစ်ကြောင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ထားပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် နိုင်ငံတော်၏ကာကွယ်ရေးစွမ်းအားကို မြှင့်တင်ရန် လိုအပ်လာပြီဖြစ်ရာ နိုင်ငံသူ၊ နိုင်ငံသားအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် အမျိုးသားစစ်မှုထမ်းစနစ်တွင် ပါဝင်ထမ်းဆောင်ရွက်ကြရန်နှင့် အောင်မြင်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ(၂) တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်က ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း အသိပညာပေးဟောပြောပြီး တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဒုတိယတိုင်းဥပဒေအရာရှိ ဒေါ်ဝါဝါချိုက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရရှိလာမည့် အကျိုးကျေးဇူးများအား ထောက်ခံဆွေနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)