ပုလဲမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

ပုလဲ မတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးရှင်းလင်း ဆွေးနွေးပွအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲအောင်က ပြဋ္ဌာန်းထားသည့်ဥပဒေ၏ အခွင့်အရေးအား နိုင်ငံသားတိုင်းခံစားခွင့်ရှိသကဲ့သို့ ဥပဒေပါတာဝန်များကိုလည်း နိုင်ငံသားတိုင်း လိုက်နာ ရမည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယခုမှအတည်ပြုထုတ်ပြန်လိုက်ခြင်း မဟုတ်ဘဲ ၁၉၅၉ ခုနှစ်မှစတင်၍ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေဆိုပြီးရှိခဲ့ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက် နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဥပဒေအမှတ် (၂၇/ ၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၁၉၅၉ ပြည်သူ့စစ်မှုထမ်းဥပဒေအား ပြင်ဆင်သတ်မှတ်ခဲ့ပါ‌ကြောင်း အခုနိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက် ၁၀.၂.၂၀၂၄ ရက်‌နေ့တွင် စတင်အာဏာတည်စေခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအား မြန်မာနိုင်ငံတွင် သာပြဋ္ဌာန်းခြင်းမဟုတ်ဘဲ ကမ္ဘာ့ နိုင်ငံများစွာတွင်လည်း ကျင့်သုံးလျက်ရှိရာ သာဓကအနေဖြင့် အရှေ့တောင်အာရှ ဒေသနိုင်ငံများ ဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ လာအို၊ ထိုင်းနိုင်ငံနှင့် ဒေသတွင်း နိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဩစတြေလျနိုင်ငံများတွင်လည်း ကျင့်သုံးလျက်ရှိပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဌာန်းချက်များနှင့်အညီ စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟုပြဋ္ဌာန်းထားပါ ကြောင်း၊  ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်အား လူကြီး၊ လူငယ်မရွေး တိုင်းရင်းသား ပြည်သူအားလုံးသိနားလည်ရန်၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများဖြစ်သည့် နိုင်ငံခြား တိုင်းပြည်များတွင် ဆောင်ရွက်နေသော စစ်မှုမထမ်းမနေရစနစ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်း၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊  ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်းမှ ကင်းလွတ်ခြင်း၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းနိုင်သည့်ပုဂ္ဂိုလ်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်း ချပြ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြ‌ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်