ပေါင်းတည် မတ် ၅
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း (ပေါင်းတည်) စာစစ်ဌာနတွင် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး အ.ထ.က (မြို့မ)တွင် အရံစာစစ်ဌာန ထားရှိမည်ဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၂၃) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ စာစစ်ဌာနတွင် အတွင်းဖြေ (၂၁၄) ဦး၊ အပြင်ဖြေ (၉) ဦး၊ စုစုပေါင်း (၂၂၃) ဦး ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများ တင်ထားပြီးဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများကို စာစစ်ဌာနကျောင်းများ၌ နေ့စဉ် (၉) နာရီမှ ညနေ(၄)နာရီခွဲအထိ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်များကို ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာမ၊ဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့်စာမေး
ပွဲဖြေဆိုချိန်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် လိုအပ်သော စာစစ်ဌာန လုံခြုံရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် အခြားလုံခြုံရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သူရကြီး( ပြန်/ဆက်)