မင်းဘူး မတ် ၅
ရုပ်စုံကျောင်းဆိုသည်မှာ ဗုဒ္ဓဝင်ဇာတ်တော်များ၊ ငါးရာ့ငါးဆယ်နိပါတ်တော်လာ ဓမ္မပဒဇာတ်တော်များကို ပန်းပုလက်ရာများဖြင့် ရုပ်လုံးရုပ်ကြွပေါ်လွင်အောင် ထုလုပ်၍ တန်ဆာဆင်ထားသော ဘုန်းတော်ကြီးကျောင်းများကို ရုပ်စုံကျောင်းဟု ခေါ်ဆိုကြသည်။
မြန်မာနိုင်ငံတွင် ရှေးဟောင်း ရုပ်စုံကျောင်းပေါင်းများစွာရှိပြီး မန္တလေးတောင်ခြေရှိ ရွှေအင်ပင်ရုပ်စုံကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာရှိ ဆီမီးခုံရုပ်စုံယွန်းကျောင်း၊ စစ်ကိုင်းတောင်ရိုး တောင်ဆင်းလမ်း ဟံသာဂီရိချောင်းအနီး အရိယာဝံသချောင်၌တည်ရှိသော စစ်ကိုင်းရုပ်စုံကျောင်း၊ စလေရုပ်စုံကျောင်း၊ စလင်းမြို့ ဝက်သည်းကန်အနီးမှ စလင်းရုပ်စုံကျောင်း၊ စကုမြို့ရှိ သုံးထပ်ရုပ်စုံကျောင်းနှင့် မှန်ကင်းရုပ်စုံကျောင်း၊ စကုမြို့နှင့် ပွင့်ဖြူမြို့ကြား လယ်ကိုင်းမြို့ဟောင်းရှိ လယ်ကိုင်းရုပ်စုံကျောင်းများမှာ ထင်ရှားလျက်ရှိကြသည်။
ထိုရုပ်စုံကျောင်းများအနက်မှ တစ်ချို့ ရုပ်စုံကျောင်းများမှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်၍ ပျက်စီးယိုယွင်းလျက်ရှိပြီး တစ်ချို့ ရုပ်စုံကျောင်းများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ရှေးမူလက်ရာအတိုင်း မတိမ်ကောမပပျောက်အောင်ပြန်လည် ပြုပြင်ထားသောကြောင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများက ဗဟုသုတဖြစ်ဖွယ်ရာ ဝင်ရောက်လေ့လာကြည့်ရှုလျက်ရှိကြသည်။
ထိုရုပ်စုံကျောင်းများမှ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းမှ စကုမြို့ အမှတ် (၁)ရပ်ကွက်ရှိ သုံးထပ်ရုပ်စုံကျောင်း၏ နံရံမှ ပန်းပုထုလုပ်ထားသည့် သုခုမအနုလက်ရာများမှာ ထူးချွန်ပြောင်မြောက်စွာ မြင်တွေ့နိုင်တာကြောင့် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားစရာ နေရာတခုဖြစ်လာခဲ့သည်။
စကုရုပ်စုံကျောင်းများကို ကျောင်းဒါယကာ စကုမြို့ဝန်မင်းကြီး ဦးဆိုင်၊ ဝန်မင်းကတော် ဒေါ်ငွေ၊ (သား)မြို့အုပ်မင်း ဦးသိုက်၊ မြို့အုပ်မင်းကတော် မရိုး၊ (သမီး) မဝက်တို့က ကောဇာသက္ကရာဇ် ၁၂၆၆ ခုနှစ် နယုန်လပြည့်ကျော် ၆ ရက်နေ့တွင် သုံးထပ်ရုပ်စုံကျောင်း၊ မှန်ကင်းရုပ်စုံကျောင်းနှင့် ကန်ဦးဘုန်းတော်ကြီးကျောင်းတို့ကို ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သုံးထပ်ရုပ်စုံကျောင်း၊ ကျောင်းထိုင်ဆရာတော် ဦးဩသဓထံမှ သိရသည်။
စကုသုံးထပ် ရုပ်စုံကျောင်းမှာ နှစ်ပေါင်း ၁၀၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ အလျား ၁၃၁ ပေ၊ အနံ ၆၅ ပေခွဲရှိပြီး၊ လူတစ်ဖက်စာ တိုင်လုံးပေါင်း ၁၇၂ တိုင်ဖြင့် ဆောက်လုပ်၍ ကျောင်းအပြင်ဘက် တိုင်တစ်တိုင်ချင်းစီ၏ တိုင်ဖုံးများတွင် ရှေးခေတ်နန်းတွင်း သုခုမအနုလက်ရာများဖြင့် ပုဂံခေတ်နှင့် ၅၅၀ နိပါတ်တော်လာ ဗုဒ္ဓဖြစ်စဉ်များကို လက်ရာမြောက်စွာ ထုဆစ်ထားသည့် ပန်းပုရုပ်ပုံများမှာ ရင်သပ်ရှုမော အံ့ဩမဆုံးအောင် တွေ့မြင်နိုင်တာကြောင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ လေ့လာလည်ပတ်စရာ ခရီးစဉ်ဒေသတစ်ခု ဖြစ်လာပေဦးတော့မည်။
ဇေယျာထက် (မင်းဘူး)